ဒုတိယ အကြိမ်မြောက် COVID – 19 ၏ နေ့စဉ်ဘဝအပေါ်သက်ရောက်မှုများ လက်သင်္ကေတပြ ဗွီဒီယိုဖိတ်ခေါ်ပြိုင်ပွဲ

August 9, 2020

အားလုံးမင်္ဂလာပါ။ ကိုဗစ် – ၁၉ ရောဂါ ပြန့်နှံ့နေတဲ့ ကာလအတွင်း မသန်စွမ်းသူများအပါအဝင် လူတိုင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေလို့ မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MDCDA) မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ကျွန်ပ်တို့ အဖွဲ့ဟာ ဒီကာလအတွင်းမှာ COVID – 19 ဆိုင်ရာ သတင်းအချက်အလက်တွေ နားမကြားသူတိုင်း လက်လှမ်းမီ ရယူနိုင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်များနှင့် သတင်းများကို အချိန်နှင့် တပြေးညီ လက်သင်္ကေတပြဘာသာစကားဖြင့် ဘာသာပြန်ဆို ရိုက်ကူး၍ MDCDA Facebook စာမျက်နှာတွင် ထုတ်လွှင့်ခြင်း၊ SL DVD အခွေများ ထုတ်ဝေဖြန့်ဖြူးခြင်းစသည်တို့ကို လုပ်ဆောင်လျက်ရှိပါတယ်။

ကိုဗစ် -၁၉ (COVID- 19) ၏ နားမကြားသူများအပေါ် သက်ရောက်မှုများ ဗွီဒီယို ဖိတ်ခေါ်ပြိုင်ပွဲဆိုတာ ဘာလဲ
*********************************************************************
ယခုအခါ မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အနေဖြင့် ကိုဗစ် – ၁၉ (COVID- 19) ကာလအတွင်း နားမကြားသူများ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ကြံ့ကြံ့ခိုင် ရပ်တည်ရှင်သန်နေမှုကို အများသိရှိနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်သော ကိုဗစ်- ၁၉ ၏ နားမကြားသူများအပေါ် သက်ရောက်မှုများ ဗွီဒီယို ဖိတ်ခေါ်ပြိုင်ပွဲဖြစ်ပါသည်။

ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်
*****************************
• ကိုဗစ် – ၁၉ ကြောင့် နားမကြားသူများ၏ နေ့စဉ်ဘဝတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို အများပြည်သူ သိရှိနိုင်စေရန်။

ဘယ်လိုအကြောင်းအရာတွေ ပါဝင်သင့်သလဲ
***************************************
• ကိုဗစ် – ၁၉ ကြောင့် နားမကြားသူများ မိမိတို့၏ နေ့စဉ်ဘဝ အပေါ်သက်ရောက်မှုများ
• ကိုဗစ် – ၁၉ ကြောင့် နားမကြားသူများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများ

ဘယ်လိုစံနှုန်းတွေ သတ်မှတ်ထားသလဲ
*********************************
• နားမကြားသူများ အပါအဝင် မည်သူမဆို လက်သင်္ကေတပြ ဘာသာစကား အသုံးပြု၍ အသက်အရွယ်၊ ကျား၊မ၊ လူမျိုးဘာသာ မရွေး ပါဝင် ယှဉ်ပြိုင်နိုင်သည်။
• ပါဝင်ယှဉ်ပြိုင်သူတစ်ဦးလျှင် ပြိုင်ပွဲတစ်ခုစီအတွက် SL Video တစ်ခုသာ ပေးပို့ယှဉ်ပြိုင်ရပါမည်။
• ဗွီဒီယို ရိုက်ကူးရာတွင် လက်သင်္ကေတကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ရန်အတွက် ရှင်းလင်းမြင်သာသော နောက်ခံဖြင့် ရိုက်ကူးရန်၊ ပြင်ပမှ အခြားသော အသံများ မပါဝင်စေရန် တိတ်ဆိတ်ငြိမ်သက်သော နေရာ၌ ရိုက်ကူးရန်။
• အလင်းရောင် ကောင်းမွန်ပြီး ကြည်လင်ပြတ်သားသော ဗွီဒီယို ဖြစ်ရပါမည်။
• အနည်းဆုံး ၃ မိနစ်မှ အများဆုံး ၅ မိနစ်အထိသာ ရှည်ရပါမည်။
• အပြုသဘောဆောင်သော အသိပညာပေး ဗွီဒီယို ဖြစ်ရပါမည်။
• ကိုယ်ပိုင်အိုင်ဒီယာဖြင့် ဖန်တီး၊ ဆန်းသစ်ထားသော ဗွီဒီယို ဖြစ်ရပါမည်။
• ဗွီဒီယိုဖိုင်များ အားလုံးသည် ကျင့်ဝတ်နှင့် ကိုက်ညီရမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး နှင့် လူမျိုးရေးတို့ကို ထိခိုက်စေနိုင်သော အကြောင်းအရာများ၊ ခွဲခြားဆက်ဆံမှုများ မပါဝင်ရပါ။
• မိမိ Personal Facebook Account ဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်။

ပေးပို့ရမည့် နည်းလမ်းများနှင့် အချိန်သတ်မှတ်ချက်
*********************************************
• ပြိုင်ပွဲဝင်လိုသူများသည် MDCDA Facebook Page အား Follow လုပ်ရမည်။
• ထို့နောက် ရိုက်ကူးထားသည့် ဗွီဒီယို ကို မိမိ၏ Facebook Account တွင် #mdcda #COVID_19_impact #SL- Video #Competition ဟူသော Hashtag များကို ထည့်သွင်းလျက် Public ဖြင့်ပို့စ် တင်ရပါမည်။
• အဆိုပါ Post Link ကို MDCDA Facebook Messenger သို့ 21-8-2020 ရက်နေ့ (သောကြာနေ့) ည (၁၂) နာရီ မတိုင်မီ ပေးပို့ရပါမည်၊ သတ်မှတ်ချိန်ထက် နောက်ကျပြီး ရောက်ရှိလာသော ဗွီဒီယိုများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
• ဆုများကို 31-8-2020 ရက်နေ့ မွန်းတည့် (12:00) နာရီတွင် ထုတ်ပြန်ကြေညာပေးပါမည်။
• ဆုရွေးချယ်မှုနှင့်ပတ်သက်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
• ဆုရရှိသော ဗွီဒီယိုဖိုင်များကို ပြိုင်ပွဲပြုလုပ်သည့် အဖွဲ့အစည်းက လိုအပ်သလို အသုံးပြုမည်ဖြစ်သည်။
• ပြိုင်ပွဲဝင်များအနေဖြင့် ယခုပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်သည်နှင့် အထက်ပါ စည်းကမ်းချက်များကို လက်ခံကြောင်း အလိုအလျောက် သဘောတူညီပြီး ဖြစ်ပါသည်။

ချီးမြှင့်မည့်ဆုများ
***************
• ပေါ်ပြုလာဆု (ပရိသတ်အကြိုက်ဆု) Like, Share ကို အဓိကကြည့်မည်။
• ဆုရွေးချယ်ရေးအဖွဲ့၏ ရွေးချယ်မှုဖြင့်ပေးသော ပထမဆု၊ ဒုတိယဆု၊ တတိယဆု နှင့် နှစ်သိမ့်ဆု။

မှတ်ချက်
• ပြိုင်ပွဲသို့ MDCDA အဖွဲ့မှ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ခွင့် မပြုပါ။