ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမိန့်အမှတ် ၁၀၇/၂၀၂၀ ၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ ၂၀ ရက်

September 21, 2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁ ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 – COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲအတည်ပြု လူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင် မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြု လူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှု၊ အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။